တံတားဦး မေ ၁၇
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မဟာဗောဓိညောင်ပင်ရေသွန်းလောင်းပွဲ အထိမ်းအမှတ်အဖြစ် အကြိမ်(၂၀) မြောက် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် မဟာဗောဓိညောင်ပင် ရေသွန်းလောင်းခြင်းကို အဆိုပါကျေးရွာတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာဗောဓိညောင်ပင် ရေသွန်းလောင်းခြင်းကို ၁၃၈၆-ခုနှစ် ကဆုန်လပြည့်နေ့ ညနေ(၄)နာရီအချိန်မှ စတင်ပြီးကျေးရွာ၏ မြောက်ဘက်ရှိ ရေတွင်းဘုရားပုရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်ကို ကျေးရွာသူ/သားများက စုပေါင်းပြီး ရေသွန်းလောင်းမည်ဖြစ်သည်။ အဆိုပါရေသွန်းလောင်းပွဲသို့ လာရောက်ကြသူများကို အဟာရဒါနဖြင့် ကျွေးမွေးကုသိုလ်ယူမည်ဖြစ်သည်။
ထို့အပြင် မဟာဗောဓိညောင်ပင် ရေသွန်းလောင်းခြင်း အထိမ်းအမှတ်အဖြစ် အကြိမ်(၂၀)မြောက် သံဃာ့ဒါနဆွမ်းလောင်းလှူခြင်းနှင့် စာရေးတံမဲလောင်းလှူခြင်းကို ကဆုန်လပြည့်ကျော်(၁)ရက်နေ့ နံနက်(၇) နာရီအချိန်တွင် ဆရာတော်သံဃာတော် (၉၇)ပါးအား လောင်းလှူမည်ဖြစ်ပြီး ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူလာကြမည့် ဆရာတော်သံဃာတော်များအား ဆွမ်းနှင့် အချိုပွဲကို ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ရာ ဒါယကာ၊ ဒါယိကာမအပေါင်းတို့ကိုလည်း အဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း ညောင်ရေ သွန်းလောင်းပွဲဖြစ်မြောက်ရေးကော်မတီ ဦးစိန်မောင်ထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)