တပ်ကုန်း မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်း ပူးပေါင်း၍ အမျိုးသား၊ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေခဲမုန့်နှင့် ပေါင်မုန့်၊ ကိတ်မုန့် (Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးမမဌေးက ရေခဲမုန့်နှင့်ပေါင်မုန့်၊ ကိတ်မုန့် (Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များနှင့် ဌာနမှ ပြည်သူလူထုအကျိုးအတွက် ကူညီဆောင်ရွက်ပေးသည့်လုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်းဥက္ကဋ္ဌ ဦးညွန့်ဝင်းက သင်တန်းသားအနေဖြင့် သင်တန်းမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမှုများကို အလေ့ထားသင်ယူကြရန်၊ ရရှိလာသည့် နည်းပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ကြိုးစားသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် သင်တန်းသားများ၊ ဧည့်ပရိသတ်များကို အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၂၀ ဦး တက်ရောက်ပြီး၊ နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူလွင်၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းတို့က ရေခဲမုန့်နှင့်ပေါင်မုန့်၊ ကိတ်မုန့်(Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာရပ်များကို ၁၇.၅.၂၀၂၄ ရက်နေ့မှ ၂၄.၅.၂၀၂၄ ရက်ထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်