ကျောက်ဆည်မြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည် မေ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်ချက်ဖြင့် “သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ” ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး(၃)က သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဗိုလ်တင်လင်းက သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြ ပြီး ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား  ကျောက်ဆည်မြို့နယ် မြို့မပျိုးဥယျာဉ်တွင် သစ်စေ့မှပျိုးပင်ပေါက်ပျိုးကူးခြင်းလုပ်ငန်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းဆောင်ရွက်မှု လုပ်ငန်းများရှင်းလင်းပြသပြီး လက်တွေ့သစ်ပင်စိုက်ပျိုးခြင်းကို သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။

တင်တင်ထွေး