ပင်လောင်းမြို့နယ်တွင် ကင်းထောက်လူငယ်များအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ လက်တွေ့သရုပ်ပြသ

ပင်လောင်း မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

သရုပ်ပြသမှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းအောင်က မီးဘေး လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် အသိပညာပေးဟောပြောခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်တွင်ပါဝင်သော ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့ကြောင့် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုင်တွယ်အသုံးပြုနိုင်သည့် ပစ္စည်းကရိယာများ အသုံးပြုပုံကို သရုပ်ပြသခြင်း၊ သင်တန်းသားများအား လက်တွေ့ဆောင်ရွက်စေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့မွန်းလွဲပိုင်းကလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လုပ်ငန်းနည်းစနစ်များ၊ လူငယ်လူရွယ်များတွင် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ရှေးဦးသူနာပြုစုနည်းများ၊ ပတ်တီးစည်းနည်းအမျိုးမျိုးနှင့် အများပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်လုပ်ငန်းများကို လက်တွေ့သရုပ်ပြသ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)