ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ သတ်မှတ်မဲရုံများသို့ သွားရောက်၍ ဆန္ဒမဲပေး

ဝိုင်းမော် နိုဝင်ဘာ ၈

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပရာ၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများသည်  နံနက်၆နာရီမှစတင်ကာ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ ဆန္ဒမဲများကို ပေးလျက် ရှိသည်။

ထိုသို့ ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ‌‌ ပေးနိုင်ရန်အတွက် မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတလူမူကူညီရေး အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က မဲရုံအတွင်းသို့ ဝင်ရောက်မဲမပေးမီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ဆောင်ရွက် ထားပြီးဆန္ဒမဲပေးသူများ တစ်ဦးနှင့်တစ်ဦး (၆)ပေကွာခြင်း၊ လက်သန့် ဆေးရည်ဖြင့် ဆေးကြောသန့်စင်ပေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ပြင်ပနှာခေါင်းစည်း (Mask)တပ်ဆင် အသုံးပြုလာသူများအား အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်စေပြီး နှာခေါင်းစည်း(Mask) အသစ်လဲလှယ်တပ်ဆင်စေပြီး မဲပရဝဏ်အတွင်းနေရာ၌ ကျန်းမာရေး အသိပေးပိုစတာများနှင့် ဆန္ဒမဲပေးခြင်း အသိပညာပေး ပိုစတာများကို ဆန္ဒမဲပေးသူများ ထင်သာမြင်သာသော နေရာများတွင် ပြသထားကြောင်းသိရသည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝိုင်းမော် အခြေစိုက်ပါတီ (၁၂)ပါတီ တို့မှ ကိုယ်စားလှယ်လောင်း(၄၁)ဦး တို့ကဝင်ရောက်အရွေးချယ်ခံပြီး၊ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်နေ့ထိ ကြိုတင်မဲပေါင်း (၁၃၇၄၇)ရှိပြီး၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ကျား(၄၆၇၃၄)ဦး၊ မ(၄၇၄၁၉)ဦး စုစုပေါင်း(၉၄၁၅၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)