မိုင်းဆတ်မြို့၌ နွေရာသီကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်

မိုင်းဆတ် မေ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်များ၏ မျိုးချစ်စိတ်ရှိမှု၊ စွမ်းရည်သတ္တိရှိမှု၊ သူတစ်ပါးအတွက် ကူညီဆောင်ရွက်တတ်မှု၊ အကျင့်စာရိတ္တကို ပြုပြင်ခြင်း၊ သစ္စာရှိမှု၊ အများပြည်သူအကျိုးရှိသော ဝန်ထမ်းမှု၊ မိမိအတွက် အသုံးဝင်သော လက်မှုပညာသင်ယူလေ့လာခြင်း စသည့်ဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဗလများ တိုးတက်မှုကို အားပေးခြင်းဖြင့် လူငယ်တိုင်း နိုင်ငံသားကောင်းဖြစ်ထွန်းလာစေရန်ရည်ရွယ်၍  နွေရာသီကင်းထောက်လူငယ်သင်တန်းကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မိုင်းဆတ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ကင်းထောက်မောင်မယ် (၄၂) ဦး တက်ရောက်ပြီး ကင်းထောက်လုပ်ငန်း၊ ကင်းစိတ်ဖွဲ့စည်းခြင်းနှင့်တာဝန်၊ တီထွင်ဖန်တီးမှု၊ ရှေးဦးသူနာပြုစုနည်း၊ ကာယပညာနှင့် အားကစားနည်း၊ သဘာဝတောတောင်ရေမြေဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့ စသည့် ဘာသာရပ်များကို သင်တန်းနည်းပြ (၆)ဦးဖြင့် မေလ(၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးအောင်ဇော်ထံမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)