ဥတ္တရသီရိ မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက် ပညာသင်တန်းကို မေလ (၁၅) ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ရပ်ကွက်၊ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းကို ဆက်လက်ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက စာကြည့်တိုက်များ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း၊ စာကြည့်တိုက်တာဝန် လွှဲပြောင်းလက်ခံခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာကြည့်တိုက်ဆိုင်ရာ စံတန်ဘိုးများနှင့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာကြည့်တိုက် အမျိုးအစားများနှင့် သိသင့်သည့် အထွေထွေပညာရပ်များကို သင်တန်းသူ၊ သင်တန်းသားများအား မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပေးခဲ့သည်။
ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုသင်တန်းအပြင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန် အထောက်အကူဖြစ်စေမည့် အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)