ပင်းတယမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ပင်းတယ မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အ.ထ.က(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း FD-AFoCo Model Forest Project (AFoCO / 015 / 2020) သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ လူသားတို့၏ နေထိုင်မှုပုံစံကြောင့် ရာသီဥတုယိုယွင်းပျက်စီးလာမှုအခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ပြုပြင်ထိန်းသိမ်းရန်အတွက် ရှောင်ရန်ဆောင်ရန်များ၊ သစ်မျိုးအုပ်စုများ၊ မြန်မာနိုင်ငံ၏ သစ်တောဧရိယာဖုန်းလွှမ်းမှုအခြေအနေ၊ ရာသီဥတုကောင်းမွန်စေရန်အတွက် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးရခြင်းအကြောင်း စသည်ဖြင့် အသိပညာပေး ပြောကြားပေးခဲ့သည်။

ထို့နောက် တောင်ကြီးခရိုင် သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်းနှင့်ပတ်သက်၍  ပြောကြားပေးရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

ဆက်လက်၍ ‌ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းဝင်းအတွင်း အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြည်သူများအတွက် ဖြန့်ဝေပေးရန်အတွက် ပင်းတယမြို့သစ်တောဦးစီးဌာနရှိ "ပုန်းတလုတ်သစ်တောပျိုးဥယျာဉ်"တွင် ပျိုးထောင်ထားသည့် ပျိုးပင်များအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြရာ ပျိုးပင်ပြုစုပျိုးထောင်ထားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ပင်းတယမြို့ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)