ငါန်းဇွန် မေ ၁၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃နာရီခွဲအချိန်က ကျောင်းသား/သူများအား အသိဉာဏ်ပညာဗဟုသုတဖွံ့ဖြိုးရေးအတွက် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့်မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကိုခိုင်းစေခြင်းတွေကဘာတွေလဲ၊ ကလေးလုပ်သားပပျောက်ရန်လုပ်ဆောင်နေမှုများစသည့်အကြောင်းအရာများကို မြို့ပေါ်ရပ်ကွက်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာဖတ်/စာငှားလာရောက်ကြသော မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မူလတန်းအဆင့်ကျောင်းသား/သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခဲ့ရာ ကျောင်းသား/သူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသော ကျောင်းသား/သူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၏ ရှေ့၌ပြသထားသော (ကလေးအလုပ်သမားပပျောက်ရေးပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး) နံရံကပ်စာစောင်၊ မြေစိုက်ဘုတ်၌ ပြသထားသောအပူဒဏ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်နှင့် ပြည်သူ့စာကြည့်တိုက်အတွင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)