ဒေါပုံ မေ ၁၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ပူးပေါင်းကာ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာထက်ဉာဏ်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးမှတာဝန်ရှိသူများက ကျောင်းပတ်ဝန်ကျင်သန့်ရှင်းမှုရှိရေး၊ အမှိုက်ကင်းစင်ရေး၊ ခြင်ခိုအောင်းမှုမရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းအတွင်းရှိရေသိုလှောင်ထားရှိရာ ရေစည်များနှင့်အုတ်ကန်များအတွင်းသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးများခပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျန်းမာရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)