ချမ်းအေးသာစံ မေ ၁၇
ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လောင်းလှူဒါန်းရေးဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ခံ၊ ဖွား၊ ပွင့်၊ စံသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်(၁၀၂၇၂)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းသွားမည့်အခမ်အနားအတွက် တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ကာ ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ဆွေးနွေးချမှတ်ပြီး လုပ်ငန်းကော်မတီများက တာဝန်ယူထားသည့် ကဏ္ဍများအလိုက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားမစတင်မီ၊ ဆောင်ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီးစီးသည်အထိလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး အချင်းချင်းချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များက တာဝန်ယူထားသည့် ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ မှ ၂၅၆၈ သို့ ရောက်ရှိမှုအထိမ်းအမှတ်နှင့် နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ကိုယ်တိုင်လောင်းလှူလိုပါကလည်းကောင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းလိုပါကလည်းကောင်း ဦးသက်နိုင်ထွန်း(၀၉-၄၀၂၀၀၁၀၆၉)၊ ဦးစိုးမိုးသိမ်း(၀၉-၉၇၀၈၂၃၆၈၈)၊ ဦးစိုးလှမြင့်(၀၉-၅၁၂၀၅၂၀)၊ ဦးတင်မောင်စိုး(၀၉-၂၅၀၈၆၂၁၅၈)သို့ မေလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ နောက်ဆုံးထားဆက်သွယ်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ လက်ခံဆောင်ရွက်ပေးနေပါကြောင်း သိရသည်။
ထွန်းထွန်းနိုင်