မတ္တရာမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ အပတ်စဉ် ဆက်လက်ဆောင်ရွက်ပေးနေ

မတ္တရာ မေ ၁၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် ၂ နှစ် အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်း လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် ၂ လသားအရွယ်မှ အသက် ၁ နှစ်ခွဲ အထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး (အိုင်ပီဗွီ)၊ ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၁၂) မျိုးတို့ကို ထိုးနှံပေးခြင်းနှင့်  ပိုလီယိုအကြောသေ ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အသက် ၂ နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို  သတ်မှတ်ထားသောရက်များ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)