မြစ်သားမြို့နယ်တွင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားပိုင်မြေနေရာတွင် တိုက်နီတန်းလျားဆိုင်ခန်းသစ်(၁၆)ခန်းအား အသစ်ဆောက်လုပ်၍ ရွှေမုဋ္ဌောဘုရားပိုင်အဖြစ် ပေးအပ်လှူဒါန်း

မြစ်သား  မေ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားပိုင်မြေနေရာတွင် တိုက်နီတန်းလျားဆိုင်ခန်းသစ်(၁၆)ခန်းအား အသစ်ဆောက်လုပ်၍ ရွှေမုဋ္ဌောဘုရားပိုင်အဖြစ် ပေးအပ်လှူဒါန်းခြင်းအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမ္မာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသစ်ဆောက်လုပ်လှူဒါန်းသည့် အလှူရှင်များက ရွှေမုဋ္ဌောဘုရားပိုင်အဖြစ်ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆို၍ ဖွင့်လှစ်ပေးခဲ့ရာ မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဒေါက်တာဘဒ္ဒန္တဝေဠုရိယအနုမောဒနာတရားတော်များ၊ သရဏဂုံနှင့်(၈)ပါးသီလ ချီးမြှင့်တော်မှုခဲ့ပြီး ဘုရားတိုက်နီတန်းလျား ဆိုင်ခန်းသစ်(၁၆)ခန်းအား ဆောက်လုပ်ပေးခဲ့သည့် အလှူရှင်များက ဆိုင်ခန်းငှားရမ်း သုံးစွဲသူများထဲမှကိုယ်စားလှယ်တစ်ဦးက ရွှေမုဋ္ဌောဘုရားအကျိုးတော်ဆောင်ဂေါပကထံလှူဒါန်းပေးအပ်ခဲ့သည်။  ဆက်လက်ပြီး မင်းကျောင်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြရာ ပေးအပ်လှူဒါန်းပွဲကို ဗုဒ္ဓသာသနံစိရံတိဌတုဟုရွက်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

အဆိုပါ တိုက်နီတန်းလျားဆိုင်ခန်းသစ်များ လှူဒါန်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရွှေမုဋ္ဌောဘုရားမှအကျိုးတော်ဆောင်ဂေါပကအဖွဲ့များ၊ တိုက်နီတန်းလျားဆိုင်ခန်းသစ်အလှူရှင်များ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)