မုံးကိုး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြုလုပ်ကျင်းပသည့် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နံနက် (၆) နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာများရှိ မဲရုံအသီးသီး၌ ပြည်သူများ ဆန္ဒမဲလာရောက်ပေး လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မုံးကိုးမြို့၊ ရပ်ကွက်(၆)၊ မဲရုံ အမှတ် (၁) တွင် လာရောက် ဆန္ဒမဲပေးသူ မဲဆန္ဒရှင် ဦးဖုန်းတောင်က “စိတ်ကျေနပ်မှုရှိပါတယ်၊ မဲရုံပြင်ဆင်ထားတာလဲ ကောင်းတယ်၊ မဲပေးရတာ လဲ ဒီနှစ်က ပွင့်လင်းမြင်သာမှုရှိတယ်လို့ ခံစားရတယ်၊ လွတ်လွတ်လပ်လပ်ရှိပြီး ဘေးကင်းလုံခြုံမှုလည်း ရှိပါတယ်၊ ကိုယ်ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုလည်း ကျေနပ်အားရစွာ မဲပေးနိုင်ခဲ့ပါတယ်၊ မဲရေတွက်တဲ့ အချိန်မှာလည်း တိကျမှန်ကန်မှုရှိဖို့ အရေးကြီးပါတယ်”လို့ ပြောကြားသည်။
မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့၏ လမ်းညွှန် ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေမလိုလက်သန့် ဆေးရည် များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ ကွာခြား၍ နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မိုင်းဉာဏ်စိုး