ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကဆုန်ညောင်ရေသွန်းပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

စစ်တွေ   မေ ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ကျင်းပမည့် ကဆုန်ညောင်ရေ သွန်းပွဲတော် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကဆုန်လသည် မြန်မာတို့၏ ဆယ်နှစ်လရာသီထဲတွင် ဒုတိယမြောက်လဖြစ်ပြီး ကဆုန်လပြည့်နေ့မှာ ကျင်းပသည့် ညောင်ရေသွန်းပွဲတော်သည်လည်း စည်ကားသိုက်မြိုက်လှသော ပွဲတော်တစ်ခုဖြစ်ကြောင်း၊ နှစ်စဉ်ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေသွန်းပွဲတော်များကို နိုင်ငံတစ်ဝန်း ကျေးလက်တောရွာအနှံ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အခမ်းအနားကို ခမ်းနားထည်ဝါစွာ ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်လည်း ခမ်းခမ်းနားနား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း ကဆုန်လပြည့်(ဗုဒ္ဓနေ့)မှာ မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ ကဆုန်ညောင်ရေသွန်းပွဲတော်ကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တက်ရောက်လာကြသူများလည်း ဝိုင်းဝန်းဆွေးနွေးပေးကြရန်ပြောကြားသည်။

ထို့နောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးကြပြီ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)