မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် တွေ့ဆုံ

မော်လမြိုင် မေ ၁၆

မွန်ပြည်နယ်အတွင်း ဘာသာပေါင်းစုံမှဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့်ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွအေးချမ်းစွာ နေထိုင်နိုင်ကြစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့ တွေ့ဆုံခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဘာသာရေးနှင့်လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကိုကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်အခြားသောလုပ်ငန်းများကို ဆောင်ရွက်ပေးနေမှုအပေါ် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ အဖွဲ့ရုံးမြေနေရာရရှိရေး ရှာဖွေဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရေး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ လိုအပ်သည်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)