ဇေယျာသီရိမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း ဖွင့်လှစ်

ဇေယျာသီရိ မေ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းပါဝင်နိုင်ရန် ဆောင်ရွက်သည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် အသက်အရွယ်အလိုက်မေးခွန်းလွှာများဖြင့် မေးမြန်းပေးနိုင်မည့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးများ မွေးထုတ်ပေးရန်၊ ရပ်ကွက်/ ကျေးရွာအတွင်း မသန်စွမ်းသူများ မသန်စွမ်းမှတ်ပုံတင်လျှောက်ထားနိုင်ရေး အသိပညာပေးဆောင်ရွက်နိုင်ရန်နှင့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးများအနေဖြင့် မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းများကို အထောက်အကူပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် နေပြည်တော်မသန်စွမ်းအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ ၇၁ ဦးတက်ရောက်ခဲ့ပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးကိုကိုဇော်နှင့် တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မသန်စွမ်းသူများမှတ်ပုံတင်နိုင်ရေးအတွက် ရပ်ရွာအတွင်း အသိပညာပေးခြင်း၊ အသက်အရွယ်အလိုက် အကဲဖြတ်မေးခွန်းလွှာနှင့် လျှောက်လွှာပုံစံတွင် မသန်စွမ်းသူများ၏ အချက်အလက်များ စိစစ်မေးမြန်းဖြည့်သွင်းခြင်း၊ လျှောက်ထားသူများ၏ စာရင်းများအား မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ မသန်စွမ်းမှတ်ပုံတင်လက်မှတ်များအား မသန်စွမ်းသူများထံပေးအပ်ခြင်းလုပ်ငန်းတို့ကို မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ ရှင်းလင်းသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)