မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ ဆေးဂိုဒေါင်များနှင့်ဆေးဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား လိုက်လံကွင်းဆင်းစစ်ဆေး

မြစ်သား မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများတွင် ဆေးပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်နေသည့်အတွက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိတို့ကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ် ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ မဟာမိတ်ဆေးဆိုင်၊ မြင့်သိင်္ဂီဆန်ဆိုင်နှင့် မြို့ပေါ်(၅)ရပ်ကွက်ရှိ ဆန်ဂိုဒေါင်များနှင့်ဆေးဂိုဒေါင်များသို့ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)