တာမွေ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိပြည်သူများ ကျောင်းအပ်နှံရေးသီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းရှေ့တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်နှင့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)