မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် တရုတ်ခရီးသွားများ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ရောက်ရှိလာ

ညောင်ဦး  မေ  ၁၆

မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်ခရီးသွားများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိလာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။

မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip)သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး သမိုင်းအထင်ကရဘုရားများ၊ ယွန်ထည်လုပ်ငန်းများ လေ့လာသွားမည်ဖြစ်ကာ ပုဂံဒေသအတွင်းအမှတ်တရသစ်ပင် စိုက်ပျိုးခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ စာရေးကိရိယာများပေးအပ်ခြင်းနှင့် ပုဂံဒေသနေဝင်ဆည်းဆာ ကြည့်ရှုခြင်းများ လက်တွေ့လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (FAM Trip) ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့်ဝန်ထမ်းများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဦးဇော်ဝိတ်နှင့်အသင်းဝင်များက Heritage Bagan Hotel တွင် မြန်မာ့ရိုးရာ ဒိုးပတ်ဝိုင်း၊ ဦးရွှေရိုး၊ ဒေါ်မိုးအကတို့ဖြင့် တရုတ်ခရီးသွားများအား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း