တောင်ကြီး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ် (တောင်ကြီး၊ အေးသာယာ၊ ကျောက်တစ်လုံးကြီး) ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့၌ မြို့နယ်နှင့်မြို့များအလိုက် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ မဲရုံများအား ယနေ့ နံနက် ၆ နာရီအချိန်က စတင်၍ ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာ၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မဲရုံအသီးသီးမှ တာဝန်ရှိသူများနှင့် မဲဆန္ဒရှင် ပြည်သူများကို နှာခေါင်းစည်း (Masks)များ အခမဲ့ပေးဝေလျက်ရှိကြောင်း၊ မဲရုံအသီးသီး၌ အထူးရဲတပ်ဖွဲ့၀င်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ တာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ က မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံအဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေး ပေါင်းစပ်ပါ၀င် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၌ မဲဆန္ဒနယ်မြေ (၂)ခုအတွက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၇၅)ခုတွင် မဲရုံပေါင်း (၂၄၅)ရုံ၊ မဲဆန္ဒရှင်ပေါင်း (၃၂၄၉၁၃)ဦး ရှိကြောင်း၊ ညောင်ရွှေမြို့နယ်၌ မဲဆန္ဒနယ်မြေ(၂)ခု အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၄၆)ခုတွင် မဲရုံပေါင်း(၁၄၃)ရုံ၊ မဲဆန္ဒရှင်ပေါင်း (၁၃၇၅၈၃၃)ဦး ရှိကြောင်း၊ ကလောမြို့နယ်၌ မဲဆန္ဒနယ်မြေ(၂)ခုအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၅၄)ခုတွင် မဲရုံပေါင်း(၁၄၁)ရုံ၊ မဲဆန္ဒရှင်ပေါင်း (၁၃၈၇၁၉)ဦး ရှိကြောင်း၊ ရပ်စောက်မြို့နယ်၌ မဲဆန္ဒနယ်မြေ(၂)ခုအတွက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၃၂)ခုတွင် မဲရုံပေါင်း(၈၄)ရုံ၊ မဲဆန္ဒရှင်ပေါင်း (၁၁၀၄၇၈)ဦးရှိကြောင်း၊ ဖယ်ခုံမြို့နယ်၌ မဲဆန္ဒနယ်မြေ(၂)ခုအတွက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၉)ခုတွင် မဲရုံပေါင်း (၁၁၀)ရုံ၊ မဲဆန္ဒရှင် ပေါင်း (၆၆၇၅၈)ဦး ရှိကြောင်း တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်လျက်ရှိသည့် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ် (တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တစ်လုံးကြီး)၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် စသည့်မြို့နယ် (၅)မြို့နယ် တို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၂၂၆) ခု၊ လျာထားမဲရုံပေါင်း (၇၂၃)ရုံ၊ မဲဆန္ဒရှင်ဦးရေမှာ ဗမာတိုင်းရင်းသား (၂၂၆၁၃၇) ဦး၊ ကချင်တိုင်းရင်းသား (၁၀၄၆)ဦး၊ လီဆူး တိုင်းရင်းသား (၁၅၅၇)ဦး၊ လားဟူတိုင်းရင်းသား (၃၂၃)ဦး၊ အင်းသားတိုင်းရင်းသား (၁၀၃၃၆၂)ဦး၊ အာခါတိုင်းရင်းသား (၁၁၉)ဦး၊ ကယန်းတိုင်းရင်းသား (၄၇၅၄၆)ဦး တို့အပါအဝင် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၇၇၈၄၅၁)ဦးရှိကြောင်း တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။
ခရိုင်(ပြန်/ဆက်)