ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ဘုရားဖူးလေ့လာရေးရောက်ဖြစ်ခဲ့ပါက ပုဂံရှေးဟောင်း သုတေသနပြတိုက်အတွင်းရှိ အေဒီ ၁၂ ရာစု ၊ ပုဂံခေတ်အဝတ်ပန်းချီကိုလေ့လာနိုင်

ညောင်ဦး မေ ၁၆                             

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစု၊ ပုဂံခေတ်၏တစ်ခုတည်းသောအဝတ်ပန်းချီကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားသည့် အေဒီ ၁၂ ရာစု အဝတ်ပန်းချီကားကို ရှေးဟောင်းသုတေသနဌာန ကွင်းဆင်းလေ့လာသုတေသနပြု စာရင်းကောက်အဖွဲ့မှ ဝက်ကြီးအင်းရွာတောင်ဘက် တောင်ပုံလောကနာထဘုရား၊ ဘုရားအမှတ်(၃၁၅)အတွင်းမှ ၁၉၈၄ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအဝတ်ပန်းချီကားကို အီတလီနိုင်ငံရှိ ရှေးဟောင်းပစ္စည်းများပြုပြင်ထိန်းသိမ်းရေးဗဟိုဌာနသို့ ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလတွင် ပေးပို့ခဲ့ပြီး ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုပြင်ထိန်းသိမ်းမှု ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဝတ်ပန်းချီကားပါ ဇာတ်တော်မှာ ဗုဒ္ဓဖြစ်တော်စဉ် (၅၅၀)ဇာတ်တော်မှ ဇာတ်နိပါတ် (၉၆)တေလပတ္တဇာတ်ဖြစ်ပြီး ဇာတ်တော်အကျဉ်းချုပ်မှာ ဗာရာဏသီမင်း၏သားများအနက် ဘုရားလောင်းမင်းသားသည် အခြားမင်းသား(၅)ပါးနှင့်အတူ ဂန္ဓာရတိုင်းသို့ (၇)ရက်ခရီး သွားရောက်ခဲ့ရာ လမ်းခရီးတွင် ဘီလူးမတို့၏အသံ၊ အဆင်း၊ အနံ့၊ အရသာ၊ အတွေ့အထိတို့ဖြင့် ဖျားယောင်းလှည့်စားမှုများကို ကျော်လွန်ခဲ့ပြီး  မိမိ၏စိတ်ကိုထိန်းသိမ်းနိုင်ခြင်းကြောင့် နောက်ဆုံးတွင် ထီးနန်းစည်းစိမ်ချမ်းသာကိုရရှိခဲ့ပြီး အခြားမင်းသား(၅)ပါးမှာမူ အာရုံငါးပါးနောက်သို့ လိုက်ခဲ့ခြင်းကြောင့် ဘီလူးမတို့၏ကိုက်စားခြင်းကို ခံရပြီး သေဆုံးသွားသည့် ဇာတ်တော်ကို အကျဉ်းဖော်းပြထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည်ဖြင့် ပြခန်း(၁၀)ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

ဒီပါလင်း