နေပြည်တော် မေ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ SMUခန်းမ၌ ကျင်းပသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွှားများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ခွာနာလျှာနာရောဂါ ထိန်းချုပ်ရန် တည်တံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့် စိုက်ပျိုးမွေးမြူရေးကျောင်းများ အကြောင်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်) မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် သဘောထားစစ်တမ်းများမေးမြန်းခြင်း၊ ခွေးရှုးရောဂါ ကာကွယ်တားဆီးရေးအကြောင်းကိုလည်းကောင်း၊ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က ခွာနာလျှာနာရောဂါနှင့် ဆက်စပ်ရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်းနှင့် ကူးစက်ရောဂါ သတင်းပေးမှုစနစ်ဆောင်ရွက်ရေးကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြောကြားကြသည်။
ယင်းနောက် တက်ရာက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး မွေးမြူရေးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ထို့နောက် ကျေးရွာအတွင်းမှ ပိုင်ရှင် ၁၂ ဦး၏ ကျွဲ ၃၂ ကောင်၊ ဆိတ် ၆၃ ကောင်နှင့် ဝက်ခုနစ်ကောင်တို့ကို ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး ပိုင်ရှင် ၂၀ ဦး၏ တိုင်းရင်းကြက်များအတွက် ကြက်လည်လိမ်(I2) ကာကွယ်ဆေး အလုံး ၂၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒေသခံမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူ ၅၂ ဦးတက်ရာက်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)