မိုင်းဆတ် မေ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် လူတော်၊ လူကောင်း၊ လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နှစ်သက်ရာ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)