ရမည်းသင်း မေ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ပြည့်စိုး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးသောင်းဌေးတို့လိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲက ရမည်းသင်းမြို့ ကြံပင်ကျေးရွာအနီး ကွင်းအမှတ်(၂၇၆)၊ ဝါစိုက်ဧက (၂၀၂)ဧက စိုက်ခင်း၌ ဝါစိုက်ပျိုးသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားတောင်သူ (၆၁)ဦးနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးက စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကြံပင်ကျေးရွာမှ ဝါစိုက်တောင်သူ ဦးညွန့်ဝင်းက ဝါသီးနှံပိုးရောဂါ ကျရောက်နေမှုအခြေအနေများ၊ ထန်းတောရွာမှ ဦးသန်းဇော်က ချောင်းဖြတ်ကူးရန် အလျား ၄၀ ပေ၊ အနံ ၁၅ ပေရှိ ချောင်းကူးတံတားပြုလုပ်ပေးနိုင်ပါရန်အတွက် လည်းကောင်း၊ ကြံပင်ကျေးရွာမှ ဦးလှမြင့်က လယ်ကြား မြောင်းရေ မရှိခြင်းကြောင့် စိုက်ခင်းရေမရရှိမှုအခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြကြရာ ရမည်းသင်းမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးသန့်က ရာသီဥတုကြောင့်ပူပြင်းမှုကြောင့် စိုက်ခင်းများတွင် အကျိုးသက်ရောက်နိုင်မှုနှင့် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဒုတိယဝန်ကြီးက ဝါစိုက်တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်၊ ရမည်းသင်း)