သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံဖြူဇရပ် မေ ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဗညားဝင်းမှ လုံခြုံရေးဆိုင်ရာများ​ချပြရှင်းလင်းပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က နွေရာသီရေရှားပါးပြီးအခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နေ့စဥ်ရေပေးဝေနေမှု၊ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများ လျာထားချက်ပြည့်မီအောင်ဆောင်ရွက်ရေး၊ မြို့နယ်အတွင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လစဥ်စာအုပ်များလှူဒါန်းနိုင်ရေး၊ ရုံးဌာနများမှလုံခြုံရေး အလေးထားဆောင်ရွက်ရေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများမှ သိရှိလိုသည်များကိုတင်ပြဆွေးနွေးရာတာဝန်ရှိသူမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)