မော်လမြိုင် မေ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ မော်လမြိုင်-ရန်ကုန် အစုန်၊ အဆန် ရထားခရီးစဉ်များကို မေလ (၁၃) ရက်နေ့မှ စတင်ကာ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုးချဲ့ပြေးဆွဲပေးရာ၌ယခင်ပုံမှန်ပြေးဆွဲပေးနေသည့် မော်လမြိုင်မှရန်ကုန်သို့ နံနက် (၈) နာရီ မိနစ် (၃၀) အချိန်၌ ထွက်ခွာမည့်အစုန်ရထားခရီးစဉ်အပြင် နံနက် (၉) နာရီ (၁၅)မိနစ်တွင် ထွက်ခွာမည့် ရထားခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်မှမော်လမြိုင်သို့ နံနက် (၆) နာရီ (၁၅) မိနစ်အချိန်၌ ထွက်ခွာမည့်အဆန်ရထားခရီးစဉ်အပြင် နံနက် (၇) နာရီ မိနစ် (၃၀) အချိန်တွင် ထွက်ခွာမည့်ရထားခရီးစဉ်တစ်ခုကိုလည်း တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်သည်။
ထပ်မံတိုးချဲ့ပြေးဆွဲမည့် ရထားခရီးစဉ်များအတွက် လက်မှတ်ကိုတစ်ရက်ကြိုတင်ကာဝယ်ယူရမည်ဖြစ်ပြီး ယခင်ပုံမှန်အတိုင်းပြေးဆွဲနေသည့် အမြန်ရထားလက်မှတ်များကို နံနက် (၇) နာရီမှ (၁၂) နာရီ အထိတစ်ကြိမ်၊ နေ့လယ် (၁) နာရီမှ (၃)နာရီ အထိတစ်ကြိမ် ရောင်းချပေးလျက်ရှိကြောင်းနှင့် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့်လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်