ကလောမြို့နယ်၌ မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲ ကျင်းပ

ကလော မေ ၁၆

ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းအဆင့်မှစ၍ အထူးအလေးပေးဖော်ဆောင်စေရန်နှင့် ကင်းထောက်လူငယ်အဖွဲ့အစည်းများကို အခြေခံပညာကျောင်းများတွင် စတင်ဖွဲ့စည်းလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ လူငယ်ကင်းထောက်မောင်၊ ကင်းထောက်မယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကင်းထောက်သင်တန်းသား၊ သင်တန်းသူများက "ပြည်သူ့အတွက်အစဉ်အသင့်" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နန်းခမ်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ကင်းထောက်သင်တန်းသား၊ သင်တန်းသူများအား ကင်းထောက်လည်စီး ပေးအပ်ခဲ့သည်။ ထို့နောက် ကလောခရိုင်ပညာရေးမှူးတာဝန်ခံ ဦးနိုင်းဟာ က လူငယ်ကင်းထောက်သင်တန်းသား၊ သင်တန်းသူများအား သင်တန်းလက်စွဲစာအုပ်များ ပေးအပ်ခဲ့ပြီး ကင်းထောက်မောင်၊ ကင်းထောက်မယ်များက "ကင်းထောက် ဆိုသည်မှာ"သီချင်းဖြင့် ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-6 အသက် ၁၁ နှစ်နှင့်အထက် ဆဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ ၄၀ ဦး၊ ပြည်နယ်အဆင့်ကင်းထောက်နည်းပြ ၆ ဦး၊ အုပ်ချုပ်မှုရုံးအဖွဲ့ ၃ ဦးတို့ဖြင့် သင်တန်းကာလ ၁၃-၅-၂၀၂၄ ရက်နေ့မှ ၁၆-၅-၂၀၂၄ အထိ (၄) ရက်အကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် ကလောမြို့နယ် ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များက သင်ခန်းစာများ ပါဝင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)