မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိတ္ထီလာ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို မိတ္ထီလာမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း (ဖလံကျင်း)တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-9 အောင်မြင်သော ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းကို တက်ရောက်ပညာသင်ကြားပါက ပညာသင်ကြားစဉ်ကာလအတွင်း ကျောင်းသားတစ်ဦးလျှင် လစဉ် ငွေကျပ် ၁၀၀၀၀ နှင့်  သင်ထောက်ကူပစ္စည်းများ ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်းနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ သင်ယူပြီးမြောက်ပါက ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက်  ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထွန်းကာစေရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း (၅၁)ကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း(၃၄)ကျောင်း စုစုပေါင်း ၈၅ ကျောင်းကို တိုးချဲ့ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း၊  မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း)တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်းအဖြစ်  ဖွင့်လှစ်ထားကြောင်းနှင့် ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်းများ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများတွင် အခမဲ့ ထုတ်ယူ၍ မေလ ၉ ရက်နေ့မှ ၁၉ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲကို မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)