ရန်ကုန်တိုင်းဒေသကြီး “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်လူငယ်များ၊ ကြက်ခြေနီလူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဗီဒီယို Clip ၊ “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip နှင့် ရန်ကုန်တိုင်းဒေသကြီး၏ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် စာကြည့်တိုက်များနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယို Clip တို့ကို ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်ခြောက်တိုက်ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၃၀၀ နှင့် စာကြည့်တိုက်ငါးတိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၇၅၀ စုစုပေါင်း ငွေကျပ်သိန်း ၁၀၅၀ ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူပြီး အမှာစကား ပြောကြားသည်။
ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ တည်ဆောက်နိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ဦးကျော်ဆန်းတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)