ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်

ရန်ကုန် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်ပညာများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာ သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာကြည့်တိုက်ပညာရှင် ဒေါက်တာ ခင်လေးစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြများဖြစ်သော ဆရာ ဦးမောင်မောင်ဦး၊ စာရေးဆရာ(ဟိန်းလတ်)က ကမ္ဘာ့စာပေ၊ မြန်မာ့စာပေ နိဒါန်းနှင့် ရည်ညွှန်းလုပ်ငန်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာကြည့်တိုက်ပညာရှင် ဒေါက်တာ ခင်လေးစိုးက စာကြည့်တိုက် ဝန်ဆောင်မှုနှင့် စာကြည့်တိုက်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆရာမ ဒေါ်ဇာခြည်စိမ့်က DLMS Software အသုံးပြုနည်းခေါင်းစဉ်တို့ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဦးစီးအရာရှိများနှင့် ဒုတိယဦးစီးမှူး (၁၇) ဦးတို့အား မေလ(၁၅)ရက်နေ့မှ မေလ(၂၂)ရက်နေ့အထိ စာကြည့်တိုက်လုပ်ငန်းများအား အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ စာတွေ့၊ လက်တွေ့များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)