ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေး

မန်တုံ  နိုဝင်ဘာ ၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများက ယနေ့နံနက် (၆)နာရီတွင် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ သတ်မှတ်မဲရုံများတွင် ပြည်သူ များ ဆန္ဒမဲပေးလျှက်ရှိကြောင်း သိရသည်။

ဆန္ဒမဲပေးရာတွင် မန်တုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများတို့က မဲပေးမည့် ပြည်သူများအား မဲရုံပရဝုဏ်အတွင်း၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ သတ်မှတ်အကွာအဝေးတွင်နေစေခြင်း၊  မဲရုံအဝင်ဝတွင် လက်ဆေးစေခြင်း၊ အပူချိန်တိုင်းတားစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး မဲရုံအတွင်း၌ ဆန္ဒမဲ ပေးစေခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်တွင် ရပ်ကွက်ပေါင်း (၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၆)အုပ်စု၊ ကျေးရွာပေါင်း(၁၄၆)ရွာ၊ မဲရုံပေါင်း(၃၇)ရုံရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၂၄၃၉၃)ဦး ခန့်ရှိကြောင်း သိရသည်။

စည်သူမောင်မောင် (မန်တုံ၊ပြန်/ဆက်)