မိုးနဲ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဉ်အသင့်” တေးသီချင်း ဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သောကြောင့် လူငယ်များအတွေးအခေါ်မှန်ကန်ရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်လာရန် အင်မတန်မှအရေးကြီးကြောင်း၊ ကင်းထောက်လူငယ်များကလည်း ကင်းထောက်ကတိ (၃)ပါး၊ ကင်းထောက်ကျင့်ဝတ် (၁၀)ပါးနှင့် ကင်းထောက်ဆောင်ပုဒ်ဖြစ်သည့် “အစဉ်အသင့်”ဆိုသည့်အတိုင်း ကိုယ်ပိုင်စွမ်းဆောင်ရည်ရှိသည့် အများအကျိုးဆောင်ရွက်တတ်သည့် လူငယ်များအဖြစ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကင်းထောက်လူငယ်များအတွက် လည်စည်း၊ သင်ထောက်ကူပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်တို့က ပေးအပ်ရာ နည်းပြဆရာမများက လက်ခံရယူခဲ့ကြပြီး ကင်းထောက်လူငယ်လေးများက “ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း”တေးသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာမ ၆ ဦးတို့က ကင်းထောက်လူငယ် ၄၀ ဦးကို လေးရက်ကြာ တောတွင်းခရီးစဉ်ဆိုင်ရာ သိကောင်းစရာများ၊ ကြိုးချည်နည်း၊ ရှေးဦးသူနာပြုစုနည်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ