စစ်တွေ မေ ၁၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ပြည်နယ်ပညာရေးမှူးရုံးရှေ့၊ လောကာနန္ဒာမီးပွိုင့်လမ်းဆုံနှင့် ဦးဥတ္တမပန်းခြံရှေ့တို့တွင် စိုက်ထူခဲ့ကြသည်။
အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေါက်တာခင်မောင်ဇော်၊ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ပြီး စုပေါင်းစိုက်ထူခဲ့ကြသည်။ အလားတူ ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင်လည်း “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် စိုက်ထူခဲ့ကြကြောင်းသိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၂၀၂၄ ခုနှစ် မေလ(၂၃) ရက်နေ့မှ ဇွန်လ(၂) ရက်နေ့အထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်းအား လက်ခံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်း