မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မော်လမြိုင် မေ ၁၅

မွန်ပြည်နယ်အတွင်း မျိုးဆက်သစ်အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရန်နှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်​ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ည​နေပိုင်းက မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။ ​ရှေးဦးစွာပြိုင်ပွဲဝင်​ဘောလုံးအသင်းများမှ ကွင်းအတွင်းသို့ ​နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ​ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးအတွက် အထူးအ​လေးထား​ဆောင်ရွက်​နေပါ​ကြောင်း၊ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကျင်းပခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ အားကစားသည် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်းဖြစ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ ရေတိုမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရသည့်လုပ်ငန်းအဖြစ် ​ဆောင်ရွက်သွားကြရမည်ဖြစ်​ကြောင်း၊ ဘောလုံးအားကစားပြိုင်ပွဲများသည် လူကြိုက်အများဆုံးနှင့် အားပေးမှုအများဆုံးရှိသည့်  ပြိုင်ပွဲတစ်ခုလည်းဖြစ်ရာ ဘောလုံးအားကစားအဆင့်အတန်း မြင့်မားလာရေးအတွက် ရပ်ကွက်၊ ကျေးရွာများပါမကျန် ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လို​အပ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဘောလုံးအားကစားနည်း၏ အနှစ်သာရကို ပေါ်လွင်အောင်ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှအားထားရသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ​အားကစားဝါသနာရှင်များက ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ​သထုံမြို့နယ်ဘောလုံးအသင်းနှင့် ​ပေါင်မြို့နယ်ဘောလုံးအသင်းတို့ ဝင်​ရောက်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအား​ပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ  ၁၄ ရက်​နေ့မှ ၂၉ ရက်​နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)