ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

စစ်တွေ    မေ  ၁၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၌ ကျင်းပရာသံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ၊ ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါ စကပဏ္ဍိတဘဒ္ဒန္တနာဂိန္ဒ မဟာထေမြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် သီလရှင်ဆရာကြီး၊ ဆရာလေးများအား အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များကို ပို့ဆောင်ဆက်ကပ်နိုင်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လမှ မေလအထိ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်စုစုပေါင်း (၈၈၉) အိတ်လှူဒါန်းခဲ့ပြီး ယနေ့တွင် သံဃာတော် ၁၁၁၃ ပါးနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး ၃၄၀ ပါးတို့အတွက် ငွေကျပ် ၁၅၂၅၆၅၀၀ (တစ်ရာ ငါးဆယ်နှစ်သိန်းငါးသောင်းခြောက်ထောင် ငါးရာကျပ်) တန်ဖိုးရှိအခြေခံ စားကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)