စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲ/ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည်များတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍  ပြိုင်ပွဲများ ကျင်းပပေးရခြင်း‌ဖြစ်ကြောင်း   ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ရပ်ကွက်အတွင်းရှိ ကျောင်းသား/သူ (၁၃)ဦးတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့‌နောက် ကျောင်းသား/သူလေးများက အဆိုပါဦးစီးဌာနအတွင်း ပြသထားသော ကလေးအလုပ်သမား အသိပညာပေးနှင့်မူးယစ်‌ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ‌ပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)