ကျောက်ဆည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဖြစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစာရင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းစီမံကိန်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး ရေပေးဝေရေးလုပ်ငန်း၊ ဆိုလာမီးလင်းရေးစနစ် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းနှင့် တံတားများတည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုအောင်က ယခုဖွင့်လှစ်ပေးသော လက်သမားသင်တန်းသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ လွယ်ကူစွာရရှိရေး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး ၂၀၁၃ ခုနှစ်မှ စတင်၍ အလှဆင်ပြုပြင်ခြင်းသင်တန်း၊ ကွန်ပျူတာသင်တန်း၊ လက်သမားနှင့်ပရံသင်တန်း၊ သရက်ပျိုးပင် ကိုင်းကူး/ကိုင်းဆက်သင်တန်း၊ ဆပ်ပြာဆီအမျိုးမျိုး ပြုလုပ်နည်းသင်တန်း၊ အခြေခံစက်ချုပ်နည်းသင်တန်း စသည့်သင်တန်း(၁၆)မျိုးအား ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးဝင်းဌေးက သင်တန်းတွင် သင်ကြားပေးသွားမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုအောင်နှင့်တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့်သားများအား လက်သမားလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့်သင်တန်းသို့ သမန္တလင်း၊ ကျားကာ၊ လက်ဝဲစု၊ မြင်းကဘက်၊ ကြက်ဆင်ကျေးရွာများမှ တစ်ရွာလျှင် သင်တန်းသား(၂)ဦးနှုန်းဖြင့် စုစုပေါင်းသင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)