ကျောက်ဆည်မြို့တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည် မေ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးအတွက် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ရသစာအုပ်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြေစိုက်နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း  သိရသည်။

စုစုအေး(ကျောက်ဆည်)