ပင်လောင်း မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် "ကင်းထောက်လူငယ်" သင်တန်းဖွင့်ပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် ကင်းထောက်လူငယ်လေးများက "ပြည်သူ့အတွက်အဆင်သင့်"သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားရာ၌ ကင်းထောက်အဖွဲ့၏ ဆောင်ပုဒ်မှာ "အစဥ်အသင့်" ဖြစ်သည်နှင့်အညီ အမြဲတမ်း သူတစ်ပါးအားကူညီရန်၊ နိုင်ငံတော်ကိုချစ်မြတ်နိုးရန်၊ လူကြီးသူမများနှင့် မိမိကိုးကွယ်ရာဘာသာတရားကို ကိုင်းရှိုင်းရန်၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုအားကောင်းရန် အစဥ်အသင့်ဖြစ်နေကြရန်၊ ကင်းထောက် ကတိသုံးပါး၊ ကျင့်ဝတ်ဆယ်ပါးကို အမြဲလိုက်နာစောင့်ထိန်းသွားကြရန်လိုအပ်ကြောင်း၊ ကင်းထောက်လုပ်ငန်းဆိုသည်မှာ စစ်သဘောမပါ၊ နိုင်ငံရေးမစွက်ဖက်၊ လူမှုဝန်ထမ်းသက်သက်မျှသာ ဦးတည်ဆောင်ရွက်ရန်ဖြစ်ပြီး လူငယ်တို့၏ အကျင့်စာရိတ္တကိုပြုပြင်ခြင်း၊ သစ္စာရှိမှု၊ မျိုးချစ်စိတ်ရှိမှု၊ စွမ်းရည်သတ္တိရှိမှု၊ သူတစ်ပါးအတွက် ကူညီဆောင်ရွက်တတ်မှု၊ သဘာဝပတ်ဝန်းကျင်ကို အကဲခတ်လေ့လာသည့် အလေ့အကျင့်၊ ကိုးကွယ်သည့် ဘာသာတရားနှင့် လူကြီးသူမကို ရိုသေကိုင်းရှိုင်းသည့် အလေ့အထ၊ အများပြည်သူအကျိုးရှိသည့် တာဝန်များထမ်းရွက်မှု၊ မိမိအတွက်အသုံးဝင်သော လက်မှုပညာသင်ယူလေ့လာခြင်းဖြင့် မိမိတို့၏ ကာယ၊ ဥာဏ၊ စာရိတ္တများ တိုးတက်လာစေရန်၊ လူငယ်တိုင်း နိုင်ငံသားကောင်းများဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပညာရေးဌာနတို့မှ သင်တန်းအတွက် အလှူငွေ(၁၂၁၆၄၀၀/-)ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပေးအပ်လှူဒါန်းရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးငွေဇော်က လက်ခံရယူခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ကင်းထောက်လူငယ် သင်တန်းသားများအတွက် လည်စည်းများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေးက သင်တန်းသားလက်စွဲစာအုပ်များ ပေးအပ်ခဲ့ရာ သင်တန်းသား/သူများက လက်ခံရယူခဲ့ကြသည်။
သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-6 မှ Grade-9 အထိ အသက်(၁၁)နှစ်နှင့်အထက်ရှိသော ကျောင်းသား/သူ သင်တန်းသား(၄၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ(၁၃.၅.၂၀၂၄)မှ (၁၆.၅.၂၀၂၄) ရက်နေ့အထိ (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)