ပင်းတယမြို့နယ်တွင် မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကင်းထောက်သင်တန်းသား/သင်တန်းသူများက “ပြည်သူ့အတွက်အစဉ်အသင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကင်းထောက်သင်တန်းသား/သင်တန်းသူများအား ကင်းထောက်လည်စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကင်းထောက်နည်းပြဆရာက ကင်းထောက်သင်တန်းသား/သင်တန်းသူများအား ကင်းထောက်လက်စွဲမှတ်စုစာအုပ်များပေးအပ်ခဲ့ပြီး ကင်းထောက်သင်တန်းသား/သင်တန်းသူများက “ကင်းထောက်လူငယ်များရဲ့ ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကင်းထောက်လူငယ်သင်တန်းအား ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူ (၄၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ (၆)ဦးဖြင့် ကင်းထောက်လူငယ်သင်တန်းဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)