လွိုင်လင် မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြို့နယ်အဆင့် ကင်းထောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပရာ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ကင်းထောက်သင်တန်းသား/သူများမှ “ပြည်သူ့အတွက်အဆင်သင့်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကင်းထောက်သင်တန်းသား/သူများအတွက် လည်စည်းနှင့် ထောက်ပံ့ငွေ ကျပ် (၂)သိန်းကိုပေးအပ်ရာ ကင်းထောက်သင်တန်းသားများနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူကြသည်။ ထို့နောက် ကင်းထောက်သင်တန်းသား/သူများမှ ကင်းထောက်လူငယ်များ၏ “ရှေ့သို့ခြေလှမ်း”သီချင်းသီဆိုပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်တို့မှ ကျောင်းသား/သူ (၄၀)ဦး တက်ရောက်ပြီး နည်းပြဆရာ (၆)ဦးဖြင့် သင်တန်းကို သုံးရက်တာ စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)