ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျောင်းသား/ကျောင်းသူများအား လူငယ်ကဏ္ဍဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးအသိပညာပေးခြင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့တက်‌ရောက်

မြစ်ကြီးနား မေ ၁၅

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိမည့် ရင်းနှီးမြှုပ်နှံရန် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဥပဒေလုပ်ထုံး/လုပ်နည်း၊ မူဘောင်များနှင့်အညီ ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတကာအရည်အသွေးမီ တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် အစီအစဉ်များကို Jin Yuan Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျိန်ရှင့်ချန်းက ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက် ၈ နာရီကလည်း အသက်(၆)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးပညာပေးခြင်း အစီအစဉ်တစ်ရပ်အနေဖြင့် (၁၃.၅. ၂၀၂၄) ရက်နေ့မှ (၁၇.၅.၂၀၂၄) ရက်နေ့အထိ  ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန (ကချင်ပြည်နယ်) တို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် လူငယ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးအသိပညာပေးခြင်း ဟောပြောဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်နှင့် တာဝန်ရှိသူများက ကျောင်းသားကလေးငယ်များအား ကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အညီ အာဟာရညီညွတ်မျှတစွာ စားသုံးနိုင်စေရန် အသိပညာပေးဟောပြောမှု၊ အပြန်အလှန်ဆွေးနွေးမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟောပြောပွဲအစီအစဉ်အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များက မုန့်နှင့်အချိုရည်များကို လိုက်လံ‌ဝေငှကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)