မိုင်းစံ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာရေးဆရာထိန်လင်းရေးသားသည့် "ကြယ်စင်လင်းနှင့်အရုဏ်လင်း" စာအုပ်မှ "ကြယ်စင်လင်းနှင့် မှော်စုတ်တံ"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-5 မှ မသင်းရနံ့လှိုင်က "အရုဏ်လင်းနှင့် ဖေဇော်ဂျီ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-5 မှ မ နေခြည်နွေးနွးက ဇာတ်လမ်းထားထားဦး၏ "တစ်ခါတုန်းကမဲလုံး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 2 မှ မသွန်းဆက်ရွှေဇင်က ပေါင်းညွမ် (နာဂ)စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် "ဆရာမလေး ဒေါ်နီနီ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)