ဆီဆိုင် မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် နယ်မြေဒေသလုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား သောက်သုံးရေအမြန်ပြန်လည်ဖြန့်ဝေပေးနိုင်ရေးအတွက် မြို့ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက ဆီဆိုင်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများအား သောက်သုံးရေ အမြန်ပြန်ဖြန့်ဝေပေးနိုင်ရေးအတွက် ဂါလံ (၅၀၀၀)ဆံ့ ရေစုကန်မှ ရပ်ကွက်များသို့ Submain ပိုက်လိုင်းများ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ ယခုလက်ရှိအချိန်တွင် ဒေသခံပြည်သူများ သောက်သုံးရေအသုံးပြုနိုင်ရန်အတွက် မြို့မဈေး မြောက်ဘက်တွင် ရေတိုင် (၂)ခု ယာယီတပ်ဆင်ပေးလျက်ရှိကြောင်းနှင့် ရေပိုက်လိုင်းများ သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ရပ်ကွက်များသို့ သောက်သုံးရေ အမြန်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမင်း(ဆီဆိုင်)