ပင်လောင်း နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ ယနေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂) နှစ်ခုဖြင့် မဲဆန္ဒရှင် ၁၃၃၃၀၄ ဦး၊ မဲရုံ(၁၄၃)ရုံ ထားရှိရာ အဆိုပါ မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂)တို့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ငါးဦး ဝင်ရောက်အရွေးခံကြပြီး ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားကိုယ်စားလှယ်များမှ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်း ခုနှစ်ဦး၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ လီဆူ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ကယန်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦး၊ အာခါ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြပြီး လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)