မိုင်းဆတ် မေ ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မေလ (၈) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ခကြားတို (ရွာသစ်)၊ ဟွေမှော် (အာခါ) ရွာ၊ ဖားမိုက် (၁) ကျေးရွာ၊ ဖားမိုက် (၂) ကျေးရွာ၊ နားမွန်းကျေးရွာအုပ်စု၊ မယ်ကော့ကျေးရွာ၊ ကျတီအုပ်စု၊ ကုန်းမြင့်သာကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၉) လုံးအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် (၁) သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၁၀) သိန်းကိုလည်းကောင်း၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၃၁) လုံးအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၁၅၅၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ပြိုကျအိမ်ထောင်စုမှ လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၉၈၇၀၀) ကျပ်နှင့်အတူ လေဘေးကြောင့် ပြိုကျခဲ့သည့်အိမ်ခြေအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးလည်းကောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်အိမ်ထောင်စုများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)