မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲကျင်းပ

မိတ္ထီလာ   မေ ၁၄

မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက မြို့နယ်အတွင်း စီမံကိန်း ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိဒေါ်မြင့်ဌေးက ဆီထွက်ဇုန်(နှမ်း၊ မြေပဲ၊ နေကြာ)သီးနှံများ စနစ်တကျစိုက်ပျိုးရေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန္ဒာထွန်းက နှမ်းသီးနှံစနစ်တကျ စိုက်ပျိုးခြင်းနှင့် ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ခိုင်က ဆီထွက်သီးနှံများတွင် ကျရောက်တက်သော ပိုးမွှား/ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများကို Power Point ဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ဦးစီးအရာရှိများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)