သထုံ မတ် ၁၄
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။
ယင်းနောက် သင်တန်းပို့ချမည့် အငြိမ်းစားကျောင်းဆရာကြီး ဦးအောင်ဆန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်ကာလတွင် ပညာရေးအထောက်အကူဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်္ဂလိပ်စာ သင်ကြားတတ်မြောက်ထားခြင်း၏ အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ သင်တန်းဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြသည်။
အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့ တက်ရောက်ကြပြီး အင်္ဂလိပ်စာအခြေခံအသုံးအနှုန်းများ၊ အဓိပ္ပါယ်များတို့ကို အခြေခံအင်္ဂလိပ်စကားပြောခြင်းနှင့် ကလေးကဗျာများတို့ကို နှစ်ပတ်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)