ပြင်ဦးလွင်ခရိုင်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင် မေ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ပြင်ဦးလွင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရုံးအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေကော်မတီမှသင်တန်းတာဝန်ခံများ၊ ခရိုင်နှင့်မြို့နယ် ကြက်ခြေနီကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များတက်ရောက်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေနစ်သော(၄)နှစ်သား ကလေးငယ်အား အခြေခံအသက်ကယ်အထောက်အကူပြုနည်း (CPR) ဖြင့် အသက်ကယ်တင်ပေးခဲ့သော ပြင်ဦးလွင်မြို့နယ်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင် မောင်ဘုန်းမြတ်လင်းအား ဂုဏ်ပြုဆု ချီးမြှင့်သည်။

ထို့နောက် မန္တလေးတိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်မှ ကြက်ခြေနီလူမှု ကရုဏာလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များဖြစ်သော ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းထွန်းဝင်း၊ ဒုတပ်ခွဲမှူး ဦးဘိုဘိုဇော်၊ ဒုတပ်ခွဲမှူး ဒေါ်ချိုသက်ခိုင်နှင့် တပ်သား မောင်ရဲထက်ကျော်တို့အား ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ကာ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ကြက်ခြေနီအကြောင်းသိကောင်းစရာဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ သင်တန်းပြများက ကြက်ခြေနီအကြောင်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ မျှဝေဆွေးနွေးပေးမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းမှ သန္ဓေတပ်ဖွဲ့ဝင်အပါအဝင် ကြက်ခြေနီစေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်ပေါင်း ၃၀ ဦးပါဝင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)